#Media Issues
Target:
Pazudaung Court
Region:
Myanmar
Website:
friendsofmizzima.blogspot.com

သို့

ဦးမြင့်ကျော်
တရားသူကြီး
ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

အကြောင်းအရာ။ ။ မီဒီယာအချင်းချင်း အငြင်းပွားမှုအား အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေဖြင့် တရားစွဲခြင်းအား ရုတ်သိမ်းပေးပါရန်။

ပုဇွန်တောင်မြို့နယ် တရားသူကြီး ဦးမြင့်ကျော် ခင်ဗျာ/ရှင်။

(၁) မဇ္ဈိမအွန်လိုင်းနှင့် ဒစ်ဂျစ်တယ် သတင်းစာတွင် ၃၁ ရက် ဒီဇင်ဘာလ ၂၀၁၅ ခုနှစ်အတွင်းကဖေါ်ပြခဲ့သောဆောင်းပါးရှင် စည်သူအောင်မြင့်၏ “MPC သို့မဟုတ် မီဒီယာတစ်ချို့ရဲ့ ပုံဖျက်ခြင်းခံရတဲ့ အဖွဲ့အစည်း” ဆောင်းပါးဖေါ်ပြမှုနှင့် ပတ်သက်၍ Eleven Media Group မှ သတင်းထောက်ချုပ်ဖြစ်သူဦးမာန်သူရှိန်ကပုဇွန်တောင်မြို့နယ် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သည်။ ထိုအမှုအတွက် မဇ္ဈိမမီဒီယာ၏ အယ်ဒီတာချုပ်နှင့် စီမံခန့်ခွဲရေး ဒါရိုက်တာဦးစိုးမြင့်၊ မဇ္ဈိမ မြန်မာပိုင်းတာဝန်ခံဦးမျိုးသန့်တို့အားအီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၄(ဃ)ဖြင့် ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ် ရဲစခန်းက အမှုဖွင့်ပြီး၊ ပုဇွန်တောင် မြို့နယ်တရားရုံးမှ ဇွန်လ ၂၃ ရက်နေ့တွင် တရားစွဲဆိုခဲ့ပါသည်။

(၂) မဇ္ဈိမမီဒီယာသည် မြန်မာနိုင်ငံအတွင်းတရားဝင် မှတ်ပုံတင်ထားပြီးမီဒီယာလုပ်ငန်းများ လုပ်ကိုင်နေသည့် ကုမ္ပဏီဖြစ်သည်။ မဇ္ဈိမမီဒီယာသည် အွန်လိုင်းနှင့် ပုံနှိပ်ထုတ်ဝေရန်အတွက် တည်ဆဲဥပဒေအရလိုအပ်သောတရားဝင်မှတ်ပုံတင်ထားသော မြန်မာမီဒီယာတစ်ခုဖြစ်သည်။ ထို့ကြောင့် မဇ္ဈိမက ဖေါ်ပြရေးသားခဲ့သောသတင်း၊ ဆောင်းပါး၊ အာဘော်များနှင့်ပတ်သက်ပြီး၊ အငြင်းပွားဖွယ်ရာတစ်စုံတစ်ခုရှိလာပါက၊ တည်ဆဲသတင်းမီဒီယာဥပဒေအတိုင်းသာဖြေရှင်းသင့်သည်။

(၃) ၂၀၁၄ ခုနှစ် မတ်လ ၁၄ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် သတင်းမီဒီယာဥပဒေပုဒ်မ ၂၁ တွင် “နစ်နာသောဌာန၊ အဖွဲ့အစည်းသို့မဟုတ် ပုဂ္ဂိုလ်သည် သတင်းမီဒီယာသမားတစ်ဦးကပုဒ်မ ၉ တွင် ပြဋ္ဌာန်းထားသည့် တာဝန်နှင့် ကျင့်ဝတ်သိက္ခာတစ်ရပ်ရပ်ကိုချိုးဖေါက်ကြောင်းယူဆလျှင် ရှေးဦးစွာ (မြန်မာနိုင်ငံသတင်းမီဒီယာ) ကောင်စီသို့ တိုင်ကြားနိုင်သည်ဟု ပြဌာန်းထားပါသည်။

အလားတူသတင်းမီဒီယာဥပဒေပုဒ်မ ၂၂ တွင်လည်း “(မြန်မာနိုင်ငံသတင်းမီဒီယာ) ကောင်စီသည် ပုဒ်မ ၂၁ အရတိုင်ကြားချက်ကို လက်ခံရရှိပါက နှစ်ဖက်တွေ့ဆုံညှိနှိုင်းဖြေရှင်းခြင်းဆိုင်ရာနည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်း ပြဌာန်းချက်များနှင့်အညီဆောင်ရွက်ရမည်” ဟု ပြဋ္ဌာန်းထားပါသည်။

(၄) သို့သော် ယခု ဖြစ်စဉ်တွင် မီဒီယာလုပ်ငန်းနှင့် သက်ဆိုင်ခြင်းမရှိသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ဇွန်လ ၇ ရက် ရက်စွဲဖြင့် တရားစွဲဆိုရန် ခွင့်ပြုချက်ကိုပုဇွန်တာင်မြို့နယ် ရဲစခန်းကရယူထားသည်ကိုတွေ့ရှိရပါသည်။

(၅) ထို့အပြင် သတင်းမီဒီယာဥပဒေပုဒ်မ ၂၃ တွင်လည်း “ကောင်စီ၏ ရှေ့မှောက်တွင် ညှိနှိုင်းဖြေရှင်းရာတွင် ပြေလည်မှုမရရှိပါကတိုင်ကြားသူသို့မဟုတ် ကျေနပ်မှုမရှိသူသည် သက်ဆိုင်ရာတရားရုံးတွင် ဥပဒေနှင့်အညီတရားစွဲဆိုနိုင်သည်” ဟုလည်း ပြဌာန်းထားသည်။

(၆) မီဒီယာလုပ်ငန်းနှင့် မသက်ဆိုင်သည့် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မဖြင့် တရားစွဲဆိုခဲ့ခြင်းကြောင့် သက်ဆိုင်ရာဥပဒေကြောင်းအရတရားဝင်ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ ညှိနှိုင်းဖြေရှင်းပေးသည့် အခွင့်အရေးမရရှိခဲ့ပဲ၊ သတင်းမီဒီယာကောင်စီ၏ တည်ရှိမှုကို မျက်ကွယ်ပြုရာရောက်နေပါသည်။

(၇) မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ အဖွဲ့ဝင်ဖြစ်သောမဇ္ဈိမသည် သတင်း မီဒီယာထုတ်ဝေ၊ ရေးသား မှုများနှင့် ပတ်သက်သည့် အငြင်းပွားမှုများအား၊ သတင်းမီဒီယာကောင်စီကသာညှိနှိုင်းဖြေရှင်း ပေးရမည်ဟုမှတ်ယူသည်။

(၇) ယခုကဲ့သို့ မဇ္ဈိမမီဒီယာ၏ အယ်ဒီတာချုပ်နှင့် စီမံခန့်ခွဲရေးဒါရိုက်တာဦးစိုးမြင့်နှင့် မဇ္ဈိမ မြန်မာပိုင်းတာဝန်ခံဦးမျိုးသန့်တို့အားအီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၄(ဃ) ဖြင့် ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်ရဲစခန်းမှ အမှုဖွင့်ပြီးပုဇွန်တောင်မြို့နယ် တရားရုံးမှ တရားစွဲဆိုခြင်းကြောင့် တရားမျှတမှုနှင့် ဥပဒေ၏ အကာအကွယ်အား နိုင်ငံသားတိုင်း ရရှိစေရမည်ဆိုသည့် အချက်ကိုမဇ္ဈိမမီဒီယာအဖွဲ့အစည်းနှင့် သက်ဆိုင်သူကာယကံရှင်များအနေဖြင့် မရရှိပဲဖြစ်နေပါသည်။

(၈) သို့ဖြစ်ပါသဖြင့် မဇ္ဈိမမီဒီယာ၏ အယ်ဒီတာချုပ်နှင့် စီမံခန့်ခွဲရေးဒါရိုက်တာဦးစိုးမြင့်နှင့် မဇ္ဈိမ မြန်မာပိုင်းတာဝန်ခံဦးမျိုးသန့်တို့အားအီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၄(ဃ) ဖြင့် တရားစွဲဆို ထားမှုအား ရုတ်သိမ်းပေးပါရန်နှင့် ဥပဒေအရဖွဲ့စည်းထားသောသတင်းမီဒီယာကောင်စီကသာ ယခုအငြင်းပွား မှုအား ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်သင့်ပါကြောင်း တင်ပြအပ်ပါသည်။

မီဒီယာအချင်းချင်း အငြင်းပွားမှုအား အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေဖြင့် တရားစွဲခြင်းအား ရုတ်သိမ်းပေးပါရန်။

လေးစားစွာဖြင့်

GoPetition respects your privacy.

The Mizzima ETL case petition to Pazudaung Court was written by Friends of Mizzima and is in the category Media Issues at GoPetition.